မိခင်မှ သန္ဓေသားကို HIV ရောဂါပိုး မကူးစက်စေဖို့
HIV ဆိုတာ လိင်မှတစ်ဆင့် ကူးစက်နိုင်တဲ့ ရောဂါပိုးတွေထဲက တစ်ခုဆိုပေမယ့် ကူးစက်နိုင်တဲ့နည်းလမ်းတွေကတော့ အကာအကွယ်မဲ့ လိင်ဆက်ဆံတာတစ်ခုတည်းနဲ့တော့ မဟုတ်ဘူးခင်ဗျ။ ဆေးထိုးအပ်တွေ မျှဝေသုံးစွဲတာ၊ ရောဂါပိုးရှိသူရဲ့ သွေးက ကိုယ့်ရဲ့သွေးကြောကနေတစ်ဆင့် ခန္ဓာကိုယ်ထဲ ဝင်ရောက်သွားတာ၊ ရောဂါပိုးရှိသူ မိခင်ကနေ ကိုယ်ဝန်ဆောင်ရင်း၊ မိခင်နို့တိုက်ရင်း ကလေးဆီကို ကူးစက်သွားနိုင်တဲ့ နည်းလမ်းတွေ အများကြီး ရှိပါတယ်။
ဒီတစ်ခေါက် ဆောင်းပါးမှာတော့ မိခင်ကနေ သန္ဓေသားဆီကို ကူးစက်တဲ့ပုံစံတွေအကြောင်းနဲ့ ကူးစက်နှုန်းကို ဘယ်လိုကာကွယ်လို့၊ လျှော့ချလို့ရမလဲဆိုတာကို ရှင်းပြပေးသွားချင်ပါတယ်။
ကိုယ်ဝန်ဆောင်ချိန်နဲ့ ကလေးမွေးပြီးချိန်မှာ HIV ပိုး ကူးစက်ပုံကို ပြောပြပေးရမယ်ဆိုရင် -
၁။ HIV ပိုးဟာ ခန္ဓာကိုယ်အတွင်းက အရည်တွေဖြစ်တဲ့ သွေး၊ သွေးကြော၊ ရိုးတွင်းခြင်ဆီ၊ သုက်ရည်၊ မိန်းမကိုယ်က ထွက်တဲ့အရည်တွေမှာ အများဆုံးရှိတဲ့အပြင် ကိုယ်တွင်းအင်္ဂါ၊ အစိတ်အပိုင်းတွေမှာလည်း ရှိနေပါတယ်။ ကိုယ်ဝန်ဆောင်နေတဲ့အခါ သန္ဓေသားလောင်းဟာ မိခင်ရဲ့ သားအိမ်အတွင်းမှာ တည်ရှိနေတာဖြစ်ပြီး သားအိမ်အတွင်းက အချွဲများနဲ့ အနီးကပ်ထိနေသလို၊ မိခင်ရဲ့ သွေးနဲ့လည်း ထိနေနိုင်ပါတယ်။
၂။ မီးဖွားချိန်မှာ ကိုယ်ဝန်ဆောင်မိခင်က ရေမြွှာပေါက်ပြီး သန္ဓေသားကို မိန်းမကိုယ်ကနေတစ်ဆင့် အပြင်ဘက်ကို ရောက်အောင် ညှစ်ထုတ်ရပါတယ်။ ဒီအခါမှာ ခန္ဓာကိုယ်တွင်းက အရည်တွေအပြင် ရေမြွှာပေါက်ထားတဲ့ အရည်တွေကပါ သန္ဓေသားရဲ့ ကိုယ်ခန္ဓာထဲ ဝင်ရောက်သွားနိုင်တဲ့အတွက် ပိုးကူးနိုင်ခြေက ပိုများပါတယ်။ မိခင်ကနေ သန္ဓေသားဆီကို HIV ပိုး ကူးစက်ခံရတဲ့ Case အများစုဟာ မီးဖွားနေစဉ်မှာ ဖြစ်ပွားခဲ့တာဖြစ်တယ်လို့ လေ့လာသူတွေက ဆိုထားကြပါတယ်။
၃။ မွေးဖွားပြီးတဲ့ကလေးကို အာဟာရပြည့်ဝအောင်လို့ မိခင်နို့ကို တိုက်ကျွေးရတဲ့အခါ အဲဒီနို့ရည်မှာလည်း အာဟာရဓာတ်တွေအပြင် HIV ဗိုင်းရပ်စ်ပိုးက ပါနေနိုင်တဲ့အတွက် ကူးစက်ခံရနိုင်ခြေ ရှိပါတယ်။
ဒီအတွက် ကိုယ်ဝန်ဆောင်မိခင်မှာ HIV ပိုးရှိနေရင် ဗိုက်ထဲက ကလေးကို တစ်နည်းမဟုတ်၊ တစ်နည်းနဲ့ ပိုးကူးစက်စေနိုင်တဲ့အတွက် ဒီလို ကူးစက်နှုန်းကို ထိန်းချုပ်ဖို့၊ လျှော့ချဖို့ လိုအပ်လာပါတယ်။ တတ်နိုင်ရင်တော့ ကိုယ်ဝန်မဆောင်ခင်ကတည်းကသာ ကိုယ့်မှာ ရောဂါပိုးရှိတယ်ဆိုတာ သိထားရင် ဇနီးမောင်နှံနှစ်ဦးလုံး ရောဂါပိုးကို ထိန်းချုပ်ဖို့ လိုအပ်တာတွေ လုပ်ဆောင်သွားမယ်ဆိုရင် ကိုယ့်ကလေးအတွက်လည်း ကြိုတင်ကာကွယ်ရာရောက်သလို ကိုယ်တိုင်လည်း ကျန်းကျန်းမာမာနဲ့ သက်တမ်းစေ့နေနိုင်သွားနိုင်မှာပါ။
ဒီအတွက် ဇနီးမောင်နှံနှစ်ဦးမှာ အမျိုးသားဖြစ်သူ ဒါမှမဟုတ် အမျိုးသမီးဖြစ်သူမှာ ရောဂါပိုးရှိနေတယ်ဆိုရင် -
၁။ အပြန်အလှန် ပွင့်ပွင့်လင်းလင်း ဖွင့်ပြောပြီး နှစ်ဦးလုံး သွေးစစ်လို့ ရောဂါပိုးရှိမရှိစစ်ဆေးပါ။
၂။ ကိုယ်ဝန်ဆောင်ဖို့အတွက် ရည်ရွယ်ထားတယ်ဆိုရင် ရောဂါပိုးရှိသူက ART လို့ခေါ်တဲ့ HIV ပိုးကောင်ရေကို ထိန်းချုပ်လျှော့ချပေးတဲ့ ဆေးကို ပုံမှန်သောက်ပေးဖို့ အရမ်းအရေးကြီးပါတယ်။ ထပ်ဆောင်းအနေနဲ့ ပိုးမရှိသူကလည်း ကိုယ့်ကို HIV ပိုးကူးစက်ခံရနိုင်ခြေကနေ လျှော့ချဖို့ PrEP လို့ခေါ်တဲ့ HIV ပိုးကာကွယ်ဆေးကို ပုံမှန်သောက်ပေးနိုင်ပါတယ်။
၃။ ကိုယ်ဝန်ဆောင်နေစဉ်ကာလမှာလည်း မိခင်မှာ ပိုးရှိနေတယ်ဆိုရင် ပြသနေကျ OG နဲ့တိုင်ပင်ပြီး ကိုယ်ဝန်ဆောင်အားဆေးအပြင် ART ဆေးကိုပါ တွဲဖက်သောက်သုံးနိုင်ပါတယ်။
၄။ အကယ်လို့ ကိုယ်ဝန်ဆောင်ပြီးတော့မှ ပိုးရှိမှန်းသိတယ်ဆိုရင်လည်း သိသိချင်းမှာ စပြီး ART ဆေး သောက်ပေးနိုင်ပါတယ်။
၅။ အကယ်လို့ ကိုယ်ဝန်ဆောင်မိခင်မှာ ART ဆေးပုံမှန်သောက်လို့ HIV ပိုးကောင်ရေမရှိသလောက် နည်းနေတယ် (Undetectable Viral Load) ဆိုရင် ကိုယ့်ကလေးဆီကို ပိုးမကူးနိုင်သလို လိင်ဆက်ဆံရာကနေလည်း ကိုယ့်အိမ်ထောင်ဖက်ကို ကူးစက်နိုင်မှာ မဟုတ်ပါဘူး။
၆။ ချွင်းချက်အနေနဲ့ ကိုယ်ဝန်ဆောင်မိခင်မှာ HIV ပိုးကောင်ရေ အရမ်းများနေတယ်၊ ART ဆေးလည်း မသောက်ဘူးဆိုရင်တော့ ဆရာဝန်အနေနဲ့ ဗိုက်ခွဲမွေးဖို့၊ ကလေးသောက် အာဟာရပြည့်နို့မှုန့်တွေ တိုက်ဖို့ကို အကြံပေးပါလိမ့်မယ်။
၇။ ကိုယ်ဝန်ဆောင်မိခင်အနေနဲ့ ကလေးမွေးပြီးနောက်ပိုင်းမှာလည်း မိခင်နို့တိုက်ရမှာဖြစ်တဲ့အတွက် ART ဆေးကို ပုံမှန်သောက်ပေးခြင်းဖြင့် နို့ရည်ထဲ ပိုးကောင်ရေမရှိသလောက် နည်းသွားနိုင်အောင် လျှော့ချပေးနိုင်ပါတယ်။ ဒါပေမယ့် မိခင်နို့တိုက်ခြင်း၊ မတိုက်ခြင်းကိုတော့ ပြသနေကျ OG နဲ့ အရင်တိုင်ပင်ကြည့်တာ ပိုကောင်းပါတယ်။
လက်ရှိအချိန်အထိ HIV ပိုးကို အမြစ်ပြတ်ပျောက်ကင်းအောင် ကုသနိုင်တဲ့ ဆေးဝါးမရှိသေးဘဲ ပိုးကို ထိန်းချုပ်၊ လျှော့ချပေးနိုင်တဲ့ဆေးသာ ရှိသေးတာကြောင့် ကိုယ့်ကို ရောဂါပိုးကူးခံရတဲ့အခြေအနေကနေ ရှောင်ကြဉ်ဖို့၊ လိင်ဆက်ဆံတိုင်း အကာအကွယ်သုံးဖို့ မှာလိုက်ပါရစေခင်ဗျာ။
ရဲမျိုးမြတ်
admin 02 Jul 2023 |
Thanks
admin 02 Jul 2023 |